
စာဆို စစ်သည်
xxxxxxxxxx
အိုဘယ့်မိတ်ဆွေ ချစ်မိတ်ဆွေရေ
ကာရန်မညီ စာမမီလည်း
စီကာသွယ်ကုံး လှည့်ပတ်သုံးရင်း
အများသူငါ ဖတ်ကြစေဖို့
ရည်ရွယ်သမှု ကြံဆောင်ပြုခါ
ရေးသားခြယ်မည် ကဗျာပန်းချီ ။
အိုဘယ့်မိတ်ဆွေ ချစ်မိတ်ဆွေရေ
မြေဝသုန်မှ ထွေထွေရင့်ညို
အပင်အိုလည်း မြေသို့လဲပြို
ကြွေရ မြေခ ပျက်သုဉ်းကြ၏ ။
အိုဘယ့်မိတ်ဆွေ ချစ်မိတ်ဆွေရေ
ဖန်လာမစဲ ဘဝဝဲမှာ
မွေးကြ ဖွားကြ သေဆုံးကြနဲ့
အိုရ နာရ ရှိခဲ့ကြ၏ ။
အိုဘယ့်မိတ်ဆွေ ချစ်မိတ်ဆွေရေ
နာမည်ကြီးစေ ဂုဏ်ရှိစေဟု
စိတ်ဝယ်စွဲမှတ် မထင်အပ်ပဲ
စာလေးတွေဖြင့် ကျန်စေတော့လို့
မာန်ဟုန်ချကာ စာအလှနဲ့
ရေးစပ်သီမည် သက်ဆုံးတည်
စာဆိုစစ်သည် အိုစစ်သည် ။ ။
No comments:
Post a Comment