++++++
ကျေးဇူးပြု၍ ဒီကဗျာကို
ဆုံးအောင်ဖတ်ပေးပါ မိမာယာ
ငါ ကတော့ နင့် အတွက် မိစ္ဆာတစ်ကောင်ပေါ့
မေတ္တာတရားတွေ မွဲနေတဲ့ နင့် စားကျက်မှာ
ဆေးဖက်မဝင် သစ္စာတုတွေက တောထလို့
နွားတစ်ကောင်လို စားကောင်းနေတုန်း
အပြုံးတုတွေတပ်ဆင်ထားတဲ့ နင့်မာယာမှာ
အချစ်ရူးတွေနဲ့ မနုဿ ခေါ်ရာနောက်
ရုပ်သေးတစ်ရုပ်လို့ ကြိုးဆွဲရာကရင်းနဲ့
ကြောင်တောင်ကန်း ကြက်တစ်ကောင်လို
ဆန်အိုးကို တိုးဝင်လို့ ကောင်းနေတုန်း
ဘဝရှိသူတွေက ဘဝနာရင်းသေ
အလှရှိသူတွေက အလှရှိရင်းကြေ
မေတ္တာငတ်သူတွေက မေတ္တာငတ်ရင်းသေ
လုံးပါး ပါးကာ ရေတိမ်နစ်နေစမြဲနဲ့
နွေခေါင်ခေါင် အချစ်နွံထဲမှာ
အတောင်ကျိုးတဲ့ ငှက်တစ်ကောင်လို
ငါ ကတော့ ရေနစ်လို့ ကောင်းနေတုန်း
နမ်းခဲ့ဖူးတဲ့ ပါးတစ်ခြမ်းရယ်
ရင်ခုန်ဖူးတဲ့ သံစဉ်တွေရယ်က
အိမ်မက်ဆန်ဆန် ဖြစ်နေရုံကလွဲလို့
အားပေးဖော် ဆေးအသစ်တစ်ခုနဲ့
ကုစားလို့မရ ဖြစ်နေတုန်း
နင် ကပဲ သစ္စာတွေမွဲလို့လား
ငါ ကပဲ အချစ်တွေနည်းလို့လား
ဘယ်သူကဘယ်လို မှားယွင်းခဲ့သလဲ
အလျားအနံ့ရှိပြီး အသွားအပြန်ရှိတဲ့
နယူတန်ရဲ့ နိယာမတွေကတော့
မိစ္ဆာတစ်ကောင်လို ခုန်ပေါက်နေချိန်မှာ
ငါ့ဖာသာ လွမ်းအောက်မေ့ နာကျင်ရင်း
နင် ကတော့ တစ္ဆေတစ်ကောင်လို
သွေးသစ်တွေ ထပ်သောက်ကောင်းနေတုန်း ။ ။
